အပူဒဏ်ကြောင့် ခေါင်းကိုက်ခဲ့ရင်
ခေါင်းကိုက်တယ်ဆိုတာက လူတိုင်းလိုလို ခံစားဖူးကြမယ့် ကျန်းမာရေးပြဿနာ တစ်ခုပါ။ ခေါင်းကိုက်တာက ကြီးကျယ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် တစ်နေ့တာ လုပ်ငန်းတွေကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ အခုလို ရာသီဥတု ပူနေချိန်မှာဆိုရင် အပူဒဏ်ကြောင့် ခေါင်းကိုက်တာကို တော်တော်များများ ခံစားကြရပါတယ်။ ဒီလို အပူကြောင့် ခေါင်းကိုက်ရတာက ဘာကြောင့်ဖြစ်မလဲ? အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းရမလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။
ရာသီဥတု အပူရှိန်ကြောင့် ခေါင်းကိုက်ခြင်း
နွေကလည်း တစ်နေ့တစ်နေ့ ပိုပူလာပြီဆိုတော့ အပူကြောင့် ခေါင်းကိုက်နိုင်ခြေကလည်း တော်တော်လေး များလာပြီနော်. အပူကြောင့် ခေါင်းကိုက်တာက များသောအားဖြင့်တော့ ကိုယ်ထဲမှာ ရေဓာတ်တွေ ရှိသင့်တာထက် နည်းသွားတာကြောင့်ပါ။ ကိုယ်ထဲမှာ ရေဓာတ်၊ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးသွားပြီဆိုရင် ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောလေးတွေက ကျဉ်းသွားပါတော့တယ်။ ဒီအခြေအနေကပဲ ခေါင်းကိုက်တာကို ဖြစ်စေတာပါ။
ခေါင်းကိုက်တာက နွေရာသီမှာ အတော်လေး အဖြစ်များပါတယ်။ အပူချိန်က ၉ ဒီဂရီတက်လာတိုင်းမှာ အပူကြောင့် ခေါင်းကိုက်နိုင်ခြေကလည်း ၈ ရာခိုင်နှုန်းဆီ တိုးလာနိုင်ပါတယ်။ အပူကြောင့် ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ မခံမရပ်နိုင်အောင် ခေါင်းထဲက နာကျင်တာ၊ အော့အန်တာတွေကို ခံစားရနိုင်ပါတယ်။
အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးများ
အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့
အရိပ်ရတဲ့ နေရာမှာ နေပါ - အပူဒဏ်ကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး လုပ်ရမှာက ခေါင်းကိုက်တာကို သက်သာစေဖို့ အရိပ်ရတဲ့ နေရာမှာ နေဖို့ပါ။ အရိပ်ရပြီး လေဝင်လေထွက် ပိုကောင်းရင် ကောင်းပါတယ်။ အပူချိန် ပြင်းပြင်းကို အချိန်ကြာမြင့်စွာ ထိတွေ့တာကလည်း ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
ရေဝဝသောက်ပါ - တစ်ခါတလေမှာ ခေါင်းကိုက်တာက ရေဓာတ်နည်းနေတာကြောင့်ပါ။ ဒီတော့ အမြန်ဆုံးနဲ့ အရိုးစင်းဆုံး နည်းလမ်းကတော့ ရေဝဝ တစ်ခွက် သောက်လိုက်ပါ။ ရေဝဝသောက်လိုက်တာတောင်မှ ခေါင်းကိုက်တာက ပျောက်မသွားသေးဘူးဆိုရင်တော့ ရေကို နည်းနည်းချင်းစီနဲ့ ဆက်သောက်သွားပေးဖို့ လိုပါမယ်။
နားနားနေနေနေလိုက်ပါ - ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်းကတော့ ပြည့်ပြည့်ဝဝ အနားယူလိုက်တာပါပဲ။ အသက်ကို ဝဝရှိုက်ရှုပြီး တရားထိုင်ပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ ပုံမှန် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။
တိတ်တိတ်ဆိတ်ဆိတ် နေပေးပါ - တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေတာကလည်း ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ ဒါကြောင့် အပူကြောင့် ခေါင်းကိုက်လာပြီဆိုရင် တိတ်ဆိတ်ငြိမ်သက်စွာ နေခြင်းကလည်း သက်သာစေမယ့် နည်းလမ်းပါပဲ။
အစားအစာတွေကို ဂရုစိုက် ရွေးချယ်ပါ - နွေရာသီ အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင် ခေါင်းကိုက်စေနိုင်တဲ့ အစားအစာတွေက အချိုမှုန့်၊ နိုက်ထရိတ် ပါတဲ့ အသားခြောက်တွေ၊ ကြက်အူချောင်း စတာတွေကို အများကြီး စားတာမျိုး လုပ်ဖို့ မလိုသလို ဖြစ်နိုင်ရင် လုံးဝရှောင်ရပါမယ် ဒါမှ ခေါင်းကိုက်တာ ပိုမဆိုးမှာပါ။
နောက်တစ်ခု သတိထားရမှာက ခေါင်းကိုက်တာ သက်သာစေဖို့အတွက် သံပရိုသီး၊ ပန်းသီး၊ ပူဒီနံ၊ ဂျင်း စတာတွေကို စားပေးလို့ ရသလို အချဉ်ဓာတ် ပါတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး စတာတွေကိုလည်း စားပေးလို့ ရပါတယ်။
ယူကလစ်ဆီ လိမ်းပါ - အပူကြောင့် ခေါင်းကိုက်လာချိန်မှာ ရောင်ရမ်းတာကို သက်သာစေပြီး ခေါင်းကိုက်တာကို သက်သာစေမယ့် ယူကလစ်ဆီကို ဇက်ကြောနဲ့ နားထင်တွေမှာ လိမ်းပေးလို့ ရသလို ရှူပေးရင်လည်း ရပါတယ်။
ဓာတ်ဆားရည် သောက်ပါ - အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ဓာတ်ဆားရည် သောက်ပေးတာပါ။ ဓာတ်ဆားရည်မှာ ရေဓာတ်အပြင် အပူဒဏ်ကြောင့် ကိုယ်တွင်းမှာ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကိုပါ ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် ခေါင်းကိုက်တာကို သက်သာစေမှာပါ။
နွေအပူကြောင့် ခေါင်းကိုက်လာပြီဆိုရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ထိထိရောက်ရောက် ဖြေရှင်းကြည့်လို့ ရပါတယ်။
မွန်မွန်